သူမ၏ နာမ တော်၌ တည်တံ့သော
(က)
အဲဒီ
ထောင့်မှန်ကျကျ အခန်းကျဉ်းထဲ
ပြွတ်သိပ်နေအောင် ထိုးထည့်ထားတဲ့
အိပ်မက် အစစ်တွေနဲ့ ငါနေထိုင်တယ်။
(ခ)
နေ့စဉ်နေ့တိုင်း
မျှော်လင့်ခြင်းကို ခေါင်းအုံးလို့
ယုံကြည်ချက် စောင်တစ်ထည်ကို
ခပ်တင်းတင်း ဆွဲခြုံရင်း ငါအိပ်စက်တယ်။
(ဂ)
အရှေ့အရပ်က နေအထွက်မှာ
ငါ့ဝိဥာည် မျက်နှာသစ်လို့.
တစ်ယောက်သောသူကို တိုင်တည်ရင်း
ရင်ဘတ်အစစ်နဲ့
နက်နက်နဲနဲ ချစ်မြတ်နိုးကြောင်း သစ္စာဆိုတယ်။
(ဃ)
တစ်ခါတစ်ခါမှာ
ထွက်ကျတတ်တဲ့
သံသယ အမှိုက်တွေကို ရှင်းလင်းရင်း
ငါ့ကိုယ်ငါလည်း သန့်စင်အောင် လျှော်ဖွတ်ရတယ်။
(င)
မိုးလင်းက မိုးချုပ်
တနုံ့နုံ့ စီးကျတတ်တဲ့ သတိရခြင်းတွေကို
သူ့လက်ရေး၊ သူ့ဓာတ်ပုံ၊ သူ့ အငွေ့အသက်တွေနဲ့
ဖျော်ပစ်ဖို့ ကြိုးစားရင်း
ငါကိုယ်တိုင်.
အဲဒီ ဖျော်ရည်ခွက်ကို (တပ်မက်စွာ)
အကြိမ်ကြိမ် သောက်သုံးမိပြန်တယ်။
(စ)
လွမ်းဆွတ်ခြင်းဆိုတာကတော့
ငါ့နေ့စဉ် ငါ့ဘ၀ထဲ
မပါမပြီးတဲ့ ထမင်းစားခြင်းလိုပါပဲလေ။
(အဲဒါ . တစ်ခါတုန်းက သူ ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ စကားတစ်ခုလည်း ဖြစ်တယ်။)
(ဆ)
ရုပ်နာမ် နှစ်ပါး
ခန္ဓာ ငါးပါး
ဣတ္ထိယာပုဒ် လေးပါး
သတိရခြင်း အပါး များ…စွာ…..
အဲဒီလိုနဲ့..
အစစ အရာရာ နာမည်တပ် ရေရွတ် ရရင်..
အရာရာတိုင်း
သူနဲ့ ပတ်သက်သမျှ
ဟောင်းနွမ်းနေတဲ့
ပတ်စပို့ထ် ဓာတ်ပုံ အသေးလေးက အစ
နောက်ဆုံး ပြောခဲ့ဖူးတဲ့ ဖုန်းထဲက သူ့အသံ အဆုံး
ငါ့အာရုံမှာ အခုထိ လတ်ဆတ် သစ်လွင်နေတုန်းပဲ။ ။
မှော်ဆရာ
(27.07.2008)

















Jul 27th, 2008 at 5:55 pm
ဟုတ်တယ် ဗျ … အမြဲ သစ်လွင်နေတယ်
Jul 27th, 2008 at 6:48 pm
အရမ်းလှတဲ့အသိမ်းလေးပါလား ဆရာမှော်ရ.. တော်တော်လေးလှတယ်..
ရုပ်နာမ် နှစ်ပါး
ခန္ဓာ ငါးပါး
ဣတ္ထိယာပုဒ် လေးပါး
သတိရခြင်း အပါး များ…စွာ…..
ကို အကြိုက်ဆုံးပဲ…
Jul 27th, 2008 at 7:09 pm
ကဗျာကောင်းလေးတွေ ရေးဖြစ်နေအောင် နှလုံးသားက လတ်ဆတ်နေပုံပဲ…။
ဒီကဗျာ ဖတ်ရင်း သူငယ်ချင်း တစ်ယောက်ပြောဖူးတဲ့ “ တရားကလည်းကျချင် .. မယားကလည်းရချင်” ဆိုတဲ့ စကားလေး သွားသတိရတယ်..။ ဆိုင်လားတော့မသိဘူး.။
Jul 28th, 2008 at 5:06 am
“ တရားကလည်းကျချင် .. မယားကလည်းရချင်” မလေးမ ပြောတဲ့ စကား ၂ ခုထဲကဆို မယားကလည်းရချင် ပဲ လုပ်အစ်ကို တရားက နောက်မှပေါ့ ကြီးလာတဲ့ အခါကျ အလိုလို ဖြစ်သွားမယ်
Jul 28th, 2008 at 6:15 am
ကောင်းလိုက်တာဗျာ.. ကိုမှော် ဒါမျိုးလဲ ရသကိုး
Jul 28th, 2008 at 9:39 am
@ စိုးထက် - Soe Htet ! - အစ်ကိုကြီးကတော့ အမြဲစိမ်း အချစ်ပဲ နဲ့တူတယ်နော်. (ဂျီတော့ခ် မှာ အမြဲစိမ်းနေလို့ . အိမ်က မဟေသီနဲ့ ပြောနေတယ် ထင်ပါ့.
)
)
___________________
@ အဇ္ဈတ္တပြခန်း - ဟုတ်ကဲ့ . ကိုမျိုးတို့ကို အားကျလို့ဗျ.. လိုက်ရေးကြည့်တာလေ.. မမှီပါသေးဘူးဗျာ.
___________________
@ layma - ဆိုင်ပါသော်ကော အစ်မရယ်. အတိအကျပဲ (အဲဒီ အစ်မသူငယ်ချင်းက. ကျွန်တော့်ကို ရည်ရွယ်ပြီး ပြောခဲ့ပုံရတယ်.
___________________
@ မောင်မျိုး - ညီလေးပြောသော အချက်အား အလေးအနက် စဉ်းစားပြီး သကာလ ပြောသည့် အတိုင်း ဖြစ်အောင် လုပ်မည်ဟု ဆုံးဖြတ်ချက် ချမှတ်ပြီးစီးကြောင်း
___________________
@ ဟုတ်. ကိုသင်္ကြန်ကြီး. လွမ်းလွမ်းရှိတာနဲ့ဗျာ (ဆောရီး.မှားလို့) ပျင်းပျင်း ရှိတာနဲ့ဗျာ.. ရေးဖြစ်သွားတာပါ. ကျေးဇူး. လာအားပေးသွားလို့.
Jul 28th, 2008 at 10:53 am
ကောင်းတယ် အကိုရေ ၊ ကဗျာတစ်ပုဒ်လုံး အစက နေဖမ်းစားလာတာ နောက်ဆုံးပိုဒ် နောက်ဆုံးစာကြောင်းအထိ လတ်လတ်ဆတ်ဆတ် ကို ရှူရှိုက်သွားတယ် ၊ အော် နောက်ပြီး အစ်မနဲ့လဲ အဆင်ပြေပါစေ ခင်ဗျား ။
Jul 28th, 2008 at 5:02 pm
သြော် မှော်ဆရာက လွမ်းတတ်သကိုး နုနုရွရွ စကားလုံးတွေနဲ့ ကိုလွမ်းနေတာ။ ပိုင်သကွာ
Jul 28th, 2008 at 8:11 pm
အင်းတော်လေး ချစ်တတ်ပုံရတယ်နော်.. ဆုံဆည်းမှုမှတ်တိုင်မှာ အမြန်ဆုံး တွေ့ဆုံနိင်ပါစေကွယ်…
Jul 29th, 2008 at 4:35 pm
@ တင့်ထူးရွှေ၊ @ Apprenticeship - ပေးတဲ့ ဆုနဲ့ အမြန်ဆုံး ပြည့်နိုင်ပါစေ လို့ ကိုယ့်ကိုယ်ကို ထပ် ဆုတောင်း လိုက်ရပါကြောင်း ဗျာ.
_____________________
@ လင်း - တစ်ခါတစ်လေ. လွမ်းကြည့်တာပါဗျာ.
Jul 30th, 2008 at 7:26 am
ကောင်းလိုက်တာ….. ရင်နဲ့ ခံစားပြီးရေးထားတာထင်ပါ့
Jul 30th, 2008 at 2:32 pm
အိပ်မက်အစစ်ဆိုတာကို ကြုံဖူးချင်တယ်။ ဖြစ်နိုင်ရင် အဲဒီ ထောင့်မှန်ကျကျ အခန်းကျဉ်း ခဏငှားပါလား။ ပြွတ်သိပ်နေလောက်အောင် မများပါဘူး၊ တစ်ခုလေးပဲ မက်ချင်တာပါ။
အမြဲလတ်ဆတ်နေမယ့် ကဗျာလေးပါပဲ။
Jul 31st, 2008 at 3:37 am
အပေါ်က လူတွေပြောသွားတဲ့ အတိုင်းပဲ အစ်ကိုရေ။ ကဗျာလေးက တကယ်လန်းတယ်။
Jul 31st, 2008 at 10:51 am
@ လင်းဦး(စိတ်ပညာ) - ကျေးဇူးပါ ကိုလင်းဦးခင်ဗျား..လာလည်၊ ဖတ်ရှု၊ မှတ်ချက် ချီးမြှင့်သွားတဲ့ အတွက်။
အဲဒီ ထောင့်မှန်ကျကျ အခန်းကျဉ်းလေးက တော့ ကျွန်တော့် အိပ်မက်တွေ နဲ့တင် ပြည့်နှက် နေလို့ ညီမ အိပ်မက် တစ်ခုစာတောင် ထည့်လို့ ဆံ့ပါတော့မလား မသိ. 

___________________________
@ အေးချမ်းသူ - ညီမက အစစ်လို့ သတ်မှတ်ရင် အစစ်ဖြစ်လာမယ့် အိပ်မက်တွေ အများကြီး ရှိပါတယ် ညီမရေ.
___________________________
@ winkabar - လာလည် အားပေးသွားတဲ့ အတွက် ကျေးဇူးပါ ညီမလေး.
___________________________
Aug 3rd, 2008 at 4:42 pm
Wooooooooo ….
Wish you to meet your beloved one happily …
Aug 3rd, 2008 at 5:10 pm
@ KTKMELODY - ဟုတ်ကဲ့ အစ်မရေ. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ပေးတဲ့ ဆုနဲ့ အမြန်ဆုံး ပြည့်ပါစေ.
Aug 8th, 2008 at 10:23 pm
စကားလုံးတွေ လတ်ဆတ်တယ် အစ်ကိုရာ…။ သေလောက်တယ်…။
Aug 11th, 2008 at 10:21 am
@ BLACK DREAM - ကျေးဇူး ညီ.
ထပ်ပြီး လတ်ဆတ်နိုင် အောင် ကိုယ် ကြိုးစားပါဦးမယ်.