Best of The Best 12-Freewares For Your PC

ဆော့ဖ်ဝဲရ် တွေ အကြောင်း ရေးမည် ရေးမည်ဟု အားခဲနေသည်မှာ အတော်ကြာမြင့်ချေပြီ။ များသောအားဖြင့် ဆော့ဖ်ဝဲရ် များကလည်း ဘလော့ဂ်ပေါ်တင်ပြီး ရှယ်ယာ လုပ်သည့် အဆင့်အထိ လုပ်ရန် မသင့်တော်သော၊ ကိုယ်နှင့် ရင်းနှီးသူများလောက်သာ မျှဝေသုံးစွဲရန် သင့်တော်သော အမျိုးအစားတွေ ဖြစ်နေ ခြင်းကြောင့် ဤအကြောင်း အရာအား တော်တော်နှင့် မရေးဖြစ် သေးသည်က တစ်ကြောင်း၊ နောက် ဒါဆို ဖရီးဝဲရ် တွေ ပေါမှပေါပဲ၊ အဲဒါတွေ အကြောင်းတွေ ရေးပေါ့ ဟုဆိုငြားအံ့၊ ထိုအချက် ကို ကျွန်ုပ်သိသကဲ့သို့ အတော်များများလည်း သိပြီးသား ဖြစ်မည်ဟု ယူဆပြီး မရေးချင်သော စိတ် အခံလေး ရှိနေခြင်း ကလည်း တစ်ကြောင်း စသည့် အကြောင်းကြောင်း တို့ကြောင့် ဤ ဘလော့ဂ်ရှိ Software ကဏ္ဍတွင် ဆောင်းပါး ၄၊ ၅ ခု ခန့်နှင့် ရပ်တန့်နေရ တော့သည်မှာ ထူးဆန်းသော အခြင်းအရာ တစ်ခု ဟုတ်တော့အံ့မထင်ပါ။

သို့ကလိုနှင့် ကဗျာလိုလို၊ စာလိုလိုတွေ တောရောက် တောင်ရောက်ရေး၊ ဟိုတစ်စ ဒီတစ်စ ဆောင်းပါးတွေကို ဆရာကြီး အထာနဲ့ စုပေါင်း စပ်ပေါင်း ဘာသာပြန်၊ ဘလော့ဂ်ကို ကလိရင်း မျက်လုံးပြူး၊ မျက်ဆံပြူး ကြုံရသော ပြဿနာများကို ဟိုမေးဒီမေး အသည်းအသန် လိုက်မေးပြီး ကိုယ် ကိုယ်တိုင် သိသလိုလို အထာနဲ့ ဘလော့ဂ်ပေါ် ပြန်တင်ပြ ဤသို့ နှင့် ကျွန်ုပ်လုပ်စား လာချေသည်မှာ ဘလော့ဂ်လောကတွင် ၁၀-လ တင်းတင်းပြည့်ပြီး တစ်လောကပင် ခပ်တည်တည်နဲ့ ၁၀၀-မြောက်၊ ၁၀-လ ပြည့် ဆောင်းပါး တစ်ပုဒ် ကောက်ရေး လိုက်သေးသည်။ :P

ရှိစေတော့။ ယခု ဆောင်းပါးသည်လည်း ကျွန်ုပ်၏ ထုံးစံအတိုင်း အင်တာနက် တည်းဟူသော ဟင်းလင်းဖွင့်ထားသော်လည်း စက္ခုနှစ်ကွင်း အလင်းရသူများ အားလုံး သိသူကျော်သွား၊ မသိသူဖော်စား (မှား၏) မသိသူကျော်သွား၊ သိသူဖော်စား တည်းဟူသော ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အကြီးမားဆုံး ပညာဘဏ်တိုက်ကြီးထဲ တွင် ရွာရိုး ကိုးပေါက် လျောက်သွားရင်း  မရည်ရွယ်ပဲ မတော်တဆ ခလုတ်တိုက်ကာ ရေငတ်တုန်း ရေတွင်းထဲကျ တွေ့ရှိလာသော ဆောင်းပါး မျိုးစုံတို့အား ဖြတ်၊ ညှပ်၊ ကပ် လုပ်ပြီးသကာလ မြန်မာပြည် ဘလော့ဂ်ရွာ၊ လမ်းဘေးရှိ မောင်မှော်ဟု အမည်တွင်သော အသုပ်စုံ ဆိုင်တစ်ဆိုင်တွင် လာရောက် လည်ပတ် ကြည့်ရှု စစ်ဆေး ကြသူအားလုံး ၀မ်း၀၀ စားသောက်နိုင်ရန် ရည်ရွယ် လျက် အသုပ်စုံတစ်ပွဲ အဖြစ် စေတနာ ဗရပွဖြင့် ဧည့်ခံ စီစဉ်တင်ဆက် လိုက်ရပါကြောင်း။ :D

ဤ အသုပ်စုံတစ်ပွဲ၏ အပေါ့၊ အငန်၊ အလေး၊ အစပ် ကောင်း၏၊ မကောင်း၏ ဟူသည် မူရင်း ထုတ်လုပ်သူများနှင့် မဆိုင် ၊နောက်ဆုံးပိတ် လက်သည် စီစဉ် သုပ်လုပ်သူ ကျွန်ုပ်နှင့်သာ လုံးလုံးလျားလျား သက်ဆိုင်ပါကြောင်းသာ တစ်ပါတည်း ၀န်ခံအပ်ပါ၏။ :)

၁။ The Best Antivirus Software

Pool results from Lifehacker Magazine
Pool results from Lifehacker Magazine
Logo of AVG
Logo of AVG

အိမ် တစ်အိမ်၊ မြို့ရွာတစ်ခု၊ နိုင်ငံတစ်ခုတွင် ပထမဆုံး ဦးစားပေးနှင့် အရေးအကြီး ဆုံး အချက်သည် လုံခြုံမှု ရှိနေဖို့ပင် ဖြစ်သည်။ ဆိုသကဲ့သို့ပင် Computer တစ်လုံး တွင်လည်း အရေးအကြီးဆုံး ဖြစ်သော အချက်မှာ လုံခြုံရေးဟု ဆိုခြင်းကို ငြင်းပယ်သူ ရှားပါးပါလိမ့်မည်။ Lifehacker မဂ္ဂဇင်း၏ တစ်ဖက်ပါ ဆန္ဒမဲ ကောက်ခံမှု အရ စားသုံးသူများ၏ အကောင်းဆုံး Antivirus ဆော့ဖ်ဝဲရ်မှာ AVG Anti-Virus ဖြစ်ကြောင်း သိရသည်။

ဘာဖြစ်လို့ အကောင်းဆုံး သတ်မှတ်ခံရသလဲ? AVG Free Website ၏ အလိုအရ AVG သည် အင်တာနက် တစ်ခွင် ရှိ အမျိုးမျိုးသော မိမိ ကွန်ပြူတာလုံခြုံရေးကို ခြိမ်းခြောက်မှု မှန်သမျှကို ဟန့်တား ကာကွယ်နိုင်သည်ဟု ဆို၏။ နောက်ထပ် အရေး အကြီး ဆုံး အချက်တစ်ခုမှာ AVG သည် အခြားသော အကောင်းတစ်ကာ့ အကောင်းဆုံး Software များကဲ့သို့ပင် တူညီသော ဂုဏ်သတ္တိ တစ်ခုရှိ နေခြင်းဖြစ်၏။ ၎င်းမှာ “Free” သို့မဟုတ် “အခမဲ့” ရယူအသုံး ပြုနိုင်ခြင်း ပင်ဖြစ်သည်။ သူ့တွင် Commercial Version ဟူ၍ ရှိသော်လည်း သုံးစွဲသူ အများစု၏ နောက်ဆုံး ရည်မှန်းချက် အသုံးပြုရန် ရှာဖွေမှုမှာ Free Version မျှနှင့်ပင် လုံလောက်နေပြီ ဟူ၏။

>>Download AVG Antivirus For Free

၂။ The Best Windows Maintenance Tool

ပြုပြင် ထိန်းသိမ်းခြင်း၊ ကြာရှည်တည်တံ့ခြင်း၊ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း၊ နှောင့်နှေး ကြံ့ကြာမှု မရှိခြင်း စသည်တို့သည် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် တော်တော်များများ သိရှိ နားလည်ပြီး ဖြစ်ကြသည့် အကြောင်း၊ အကျိုး ဆက်စပ်မှု တရားများဖြစ်ကြသည်။ (အရှိန်သတ်ထားမှ တော်ရာကျမည်၊ မဟုတ်လျင် ပဋိစ္စသမုပ္ပါဒ် ဘက်ရောက်သွား နိုင်သည်။ :P ) စကားဆက်ရလျင်. ကွန်ပြူတာ တစ်လုံးတွင်လည်း သူ၏ သတ်မှတ်သက်တမ်း တစ်လျောက် ကောင်းမွန်စွာ၊ ပုံမှန် အလုပ်လုပ်နိုင်ရန် အတွက် အမြဲတစ်စေ ပြုပြင် ထိန်းသိမ်းမှု လုပ်ပေးရန် လိုအပ်၏။

CCleaner Windows Maintenance Tool
CCleaner Windows Maintenance Tool

ဘာတွေနဲ့ ဘယ်လို အမြဲတစ်စေ ပြုပြင်ထိန်း သိမ်းမှု လုပ်ပေးရမည်လဲ။ တစ်နေ့တစ်နေ့ ကျွန်ုပ်တို့ ကွန်ပြူတာ တစ်လုံးနှင့် လုပ်ကိုင်ဆောင်ရွက်၊ ကွန်ပြူတာကို ခိုင်းကြသည်မှာ အများကြီးဖြစ်သည်။ သို့အတွက် ကွန်ပြူတာ အတွင်းတွင် မလိုအပ်သော အရာများ ကို (အမှန်တော့ ကွန်ပြူတာသည် လူကဲ့သို့ အသိဥာဏ် မရှိသည့်တစ်ချက် သာပြောစရာ ရှိသည်. ကျွန်ုပ်တို့ အတွက် အပိုတွေဟု သတ်မှတ်ထားသောအရာများ. အမှန်တော့ သူ့အတွက် လိုအပ်သော အရာများကို နေ့စဉ် တစ်ခုမဟုတ် တစ်ခု ကျွန်ုတို့ သူ့ကို လုပ်ခိုင်းတိုင်းတွင် နောက်တစ်ကြိမ် သူ့ကို အလားတူ အလုပ်ကိုပင် ထပ်ခိုင်းပါက အလွယ်တစ်ကူ အသုံးပြုရန် အတွက် Cache, Temporary Internet Files, Cookies, History, Recent Documents, Thumbnail Cache, Clipboard, Memory Dumps, Windows Log files. အစရှိသည်များကို သိမ်းဆည်းထား လေ့ရှိသည်။) ကွန်ပြူတာက လူကဲ့သို့ အသိဥာဏ် မရှိသည့် အတွက် ၎င်းဖိုင်များကို သူ့ဟာသူ သိမ်းပြီး သူ့ဟာသူ သန့်ရှင်းရေးမလုပ်တတ်။ ကြာတော့ အဆိုပါ ဖိုင်များက ကျွန်ုပ်တို့ အတွက် ရော၊ ကွန်ပြူတာ အတွက်ပါ အမှိုက်များ သဖွယ် ဖြစ်လာရသည်။ ကွန်ပြူတာ၏ လုပ်ဆောင်မှု တွေ လေးလံလာ၏၊ တစ်ခါတစ်ခါ ဖိုင်တွေ၊ Folder တွေကို ဖွင့်မရဖြစ်မည်၊ လုပ်ရင်းကိုင်ရင်း Shutdown တွေ ကျသွားမည်.. အထက်ပါ လက္ခဏာများကား ၎င်း ကွန်ပြူတာ ကို ပုံမှန်ပြုပြင် ထိန်းသိမ်းမှု လုပ်ရန် လိုအပ်နေပြီဟု ပြနေခြင်းပင်ဖြစ်သည်။

သို့အတွက် ခင်ဗျား၏ ကွန်ပြူတာ၊ ကျွန်ုပ်၏ ကွန်ပြူတာ စသည်တို့ကို Maintenance ပုံမှန် ပြုလုပ်ပေးရန် အတွက် Tools ပေါင်းများ စွာ ရှိကြသည့် အနက်မှ အကောင်းဆုံးဟု သတ်မှတ်ခံရသော Computer Maintenance Tool တစ်ခုကား CCleaner ဟု နာမ တွင်သော Tool လေးတစ်ခုပင်ဖြစ်သည်။ သေးငယ်၏။ ပေါ့ပါး၏။ ပါဝါဖူးလ် ဖြစ်၏။ နောက် သင့်ကွန်ပြူတာ အမြဲတစ်စေ ကြံ့ခိုင်မှု ရှိနေစေရန် အာမခံ၏။ အကောင်းဆုံး တစ်ချက်ကား. “အခမဲ့” ဖြစ်ခြင်းတည်း။

>>Download CCleaner Windows Maintenance Tool

၃။ The Best Alternative File Manager

Total Commander Working Process
Total Commander Working Process

တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ ကွန်ပြူတာ အတွင်းမှာ ရှိတဲ့ Windows Explore အစရှိတဲ့ File manager တွေနဲ့ တင်မလုံလောက်ပဲ အပိုဆောင်း File manager တစ်ခုခုကိုပါ တွဲဖက် အသုံးပြုပြီး File တွေကို Explore လုပ်ဖို့၊ ဒါမမဟုတ် ရွှေ့ပြောင်းဖို့၊ နေသားတကျ စီစဉ်ဖို့ အစရှိတဲ့ အလုပ်တွေကို လိုအပ်ကောင်း လိုအပ်တာမျိုး တွေရှိနိုင်ပါတယ်။

Lifehacker က ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ ရလာဒ်တွေ အရ Total Commander ဆိုတဲ့ File Manager အမျိုးအစားကတော့ အားလုံး ထဲမှာ အကောင်းဆုံးပါပဲတဲ့။ File တွေ၊ Folder တွေကို Side by Side Parallel ပုံစံ အလွယ်တစ်ကူ အရွေ့အပြောင်း၊ အချိန်းအပြောင်း ကို သုံးစွဲသူ စိတ်ကြိုက် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ Shareware အမျိုးအစား ဖြစ်ပါတယ်။

>>Download Total Commander

၎။ The Best File Syncing Tool

Drop Box File Syncing Tool
Drop Box File Syncing Tool

အကယ်၍ ခင်ဗျားဟာ သီတင်းတစ်ပတ်မှာ နေရာ အနှံ့မှာ ရှိတဲ့ ကွန်ပြူတာ အလုံးများစွာ နဲ့ အလုပ်လုပ်နေသူ ဖြစ်မယ် ဆိုရင် တစ်ခါတစ်ရံမှာ ခင်ဗျား အလုပ်လုပ်နေတဲ့ ကွန်ပြူတာတိုင်း ကို Up to Date ဖြစ်တဲ့ Data တွေကို တစ်ချိန်တည်း ၊ တစ်ပြိုင်နက် သိမ်းဆည်းဖို့၊ ရယူဖို့၊ ပေးပို့ဖို့ အတွက် File တွေကို Syncing လုပ်ရန် အတွက် အခက်အခဲ ရှိမှာ အမှန်ပဲ ဖြစ်ပါတယ်။ သို့ အတွက် မည်သို့ ပြုလုပ်မည်နည်း။ အဖြေက အသင့်ရှိပြီးသား ဖြစ်ပါတယ်။ Lifehacer မဂ္ဂဇင်းက File Syncing Tool အတွက် သူ့ရဲ့ စာဖတ်သူတွေကို မေးမြန်း စစ်တမ်းကောက်ယူခဲ့ရာမှာ Drop Box အမည်တွင်တဲ့ Tool တစ်ခုက File Syncing Tool အတွက် အကောင်းဆုံး အဖြစ် ရွေးချယ် သတ်မှတ်ခံရပါတယ်။ ထုံးစံအတိုင်း “အခမဲ့” ပါပဲ။

Drop Box အကြောင်း ပိုမိုသိနိုင်ဖို့နဲ့ ရယူ အသုံးပြုဖို့ အတွက် အောက်ပါနေရာကို ကြွပါ။

>>More About Drop Box & Sign Up Link

၅။ The Best Windows Backup Tool

Mozy Home Windows Backup Tool
Mozy Home Windows Backup Tool

ဒီနေ့ ဒီအချိန်ဟာ “မင်းဟာ ကိုယ့်ရဲ့ဘ၀” ဆိုပြီး Data အကြောင်း ကို သီချင်းလုပ်ဆိုကြတဲ့ ခေတ်ဖြစ်နေပါပြီ။ ကွန်ပြူတာ တစ်လုံးမှာ အရေးကြီးတဲ့ ဒေတာတွေ ကို လုံလုံခြုံခြံ အမြဲ သိမ်းဆည်းထားနိုင်ဖို့ အလွန်ပဲ အရေးကြီးတယ်ဆိုတာ အားလုံး သိပြီးသား အချက်ပါ။ ဘယ်လိုနည်းလမ်းတွေနဲ့ လုံခြံအောင် သိမ်းဆည်းမလဲ ဆိုတာကတော့ အသုံးပြုသူရဲ့ရွေးချယ်မှု ပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျွန်ုပ်ကတော့ မိမိကွန်ပြူတာ အတွင်း လုံခြုံအောင် သိမ်းဆည်းထားတဲ့ နည်းအပြင် အကယ်၍ အရေးပေါ် လိုအပ်လာပါက ပြန်လည်ရယူ သုံးစွဲနိုင်ရန်အတွက် Backup လုပ်ခြင်းတည်း ဟူသော နည်းလမ်းကိုပါ ရွေးချယ်ထားပါ၏။ သို့အတွက် အကောင်းဆုံး Backup Tool ကား ဘယ်အရာနည်း။ ကျွန်ုပ် ခလုတ်တိုက် ရှာဖွေတွေ့ရှိလာသော အချက်အရ ပြောရလျင် အောက်ပါ Tool သည် အကောင်းဆုံး ဖြစ်ချေသည်ဟု ပြောရမည် ထင်၏။

>>Sign up for MozyHome (Freeware and Shareware)

တစ်လကို $5 များ ပေးနိုင်လျင်၊ အကန့်အသတ်မရှိ ကြိုက်ရာ ဒေတာများကို Backup လုပ်နိုင်ပြီး “အခမဲ့” သုံးစွဲလိုပါက 2-Gb Free ရရှိမည်ဖြစ်သည်။

၆။ The Best Desktop Media Player

VLC Media Player
VLC Media Player

ကွန်ပြူတာ တစ်လုံးအတွင်း Media Entertainment များ၏ ကဏ္ဍကလည်း အရေးပါလှသည်။ အဓိကအားဖြင့် ယခု ပြောဆိုလိုသည်မှာ End User များအတွက် သာဖြစ်ပြီး Advance User, Creator , Musician များ အတွက် အထူးတလည်တော့ သက်ဆိုင်လှမည် မဟုတ်ပါ။  “အကောင်းဆုံး ဆော့ဖ်ဝဲရ် သည် အခမဲ့ ဖြစ်၏” ဟူသော ဆောင်ပုဒ်အတိုင်းပင် ယခု ကဏ္ဍ အတွက်လည်း အကောင်းဆုံး Media Player ဆုကိုရရှိသွားသူမှာ VLC Player တည်းဟူသော “အခမဲ့” ၊ Opensource ဆော့ဖ်ဝဲရ် တစ်ခုဖြစ်၏။ ကျွန်ုပ်၏ အတွေ့အကြုံ အရလည်း ၎င်း VLC Media Player သည် အခြား Player Software များဖြစ်ကြကုန်သော Winamp, Jetaudio, Windows Media Player အစရှိသည့် အများစု ရင်းနှီးကျွမ်းဝင်သည့် Player များ နှင့် ဖွင့်မရသော Meida File Type အားလုံး နီးပါးကို ဖွင့်နိုင်ပြီး ကောင်းစွာ အလုပ်လုပ်ကို တွေ့ရှိရ၏။

>>Download VLC Desktop Media Player

ကျန်ရှိသော ၆-မျိုးအား ဆက်ပါဦးမည်..

(ရေးလို့ ဖြစ်မဖြစ်. ပုံစံတစ်မျိုးနဲ့ နိဒါန်း ချီကြည့်တာပါ။ အမှားအယွင်း ပါသွားခဲ့လျင် အထူး “တောင်းပန်” ပါကြောင်း။ :D )

မှီငြမ်းကိုးကား

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

17 Responses to “Best of The Best 12-Freewares For Your PC”

  1. AVG နဲ့  Total Commander ( ရှိပြီးသွားပြီ) ကလွဲရင် ကျန်တာ အကုန် ဒေါင်းလုပ်လိုက်တယ်..။ ကွန်ပြူတာ ရှင်းလင်းရေးလည်း ချက်ချင်းလုပ်လိုက်တယ်..။ အမှားအယွင်း ရှိ လို့ကတော့  မတောင်းပန် နဲ့ .. ဘလော့မှာ ပို့ စ်တင်ပြီး ရန် တွေ့ မှာ..။ :P

  2. ကျနော်လည်း လုပ်အုံးမှာ သုံးပါသုံးတက်တယ် ဘာမှမလုပ်တက်ဘူး စက်က တော်တော် လေးနေတယ် ၁ ပိဿာလောက်ရှိပြီးး :P

  3. ဆရာမှော်ရေ…. ဖြန့်ဝေထားတာလေးတွေကို ကျေးဇူးတင်ရှိစွာနဲ့ ဆွဲသင့်တာဆွဲ.. ဖြုတ်သင့်တာဖြုတ် အကုန်လုပ်သွားတယ်..

  4. ဒီပို့စ်ဖတ်ရတာ ရိုးရိုးဟာသ ဖတ်ရတာထက်တောင် ပိုရယ်ရတယ်။ ဘာစိတ်ကူးပေါက်လို့ အဲလိုပုံမျိုးရေးလိုက်တာလဲ အစ်ကိုက။ ဆော့ဖ်ဝဲ တွေအကြောင်းက ကောင်းတယ် အစ်ကိုရေ။ ဆက်သာရေး.. ဒီပုံအတိုင်း နိဒါန်းချီလည်း ရတယ်။ ဆော့ဖ်ဝဲ တွေကို သုံးဖြစ်မသုံးဖြစ်တော့ မသိဘူး။ ဖတ်ပြီးရင် အူတက်မှာတော့ သေချာတယ်။ :D

  5. software များအကြောင်းကို စာတစ်သံ ပေတစ်သံနှင့် အစချီ၍ ရေးထားသည်မှာ အလွန်ပင် နှစ်လိုဖွယ် ရှိလှပေသည်။ ဤစာကို ဖတ်ရင်းနှင့် “ဘလော့ဂ်ပေါ်တင်ပြီး ရှယ်ယာ လုပ်သည့် အဆင့်အထိ လုပ်ရန် မသင့်တော်သော၊ ကိုယ်နှင့် ရင်းနှီးသူများလောက်သာ မျှဝေသုံးစွဲရန် သင့်တော်သော” ဟူသည့် software အမျိုးအစားများကို အလွန်အမင်း စိတ်ဝင်တစား ဖြစ်သွားရချေသည်တမုံ့။ သို့သော်ငြား မေးရန် သင့်တော်မည် မဟုတ်ဟု ယူဆကာ မမေးလိုတော့ပါ။ ကျွန်ုပ်သိသကဲ့သို့ အတော်များများလည်း သိမည်ဆိုသည်မှာ မှန်သော်လည်း အတော်များများလည်း မသိသေးဆိုတာကိုတော့ သတိချပ်သင့်ပေသည်။ Freeware များသည် အလကား ရသည်မှန်သော်လည်း ဤကဲ့သို့ စမ်းသုံးကာ ပြန်လည်ဝေမျှထားသည်မှာ ၀မ်းမြောက်ဖွယ် ရှိလှသည်။

    အသင်ကဲ့သို့ စာပိုဒ်အရှည်ကြီး ရေးလိုသော်လည်း ကျွန်ုပ်ဧ။် ပညာအခံ အလွန်နည်းခြင်းကတစ်ကြောင်း ရေးရန် အကြောင်းအရာ သိပ်မရှိသည်ကတစ်ကြောင်းကြောင့် ဤနေရာတွင် ရပ်ကာ လိုရင်းကိုသာ ဆက်ပါတော့မည်။ အထက်ပါ မျှဝေထားသော freewares များထဲမှ dropbox ဟူသော file syncing tool လေးကို အလွန် သဘောကျပါသဖြင့် ဒေါင်းလုတ်လုပ်၍ သုံးရန် စဉ်းစားနေပါကြောင်း။ ဆောင်းပါးကို 12 freeware ဟုခေါင်းစဉ်တပ်ကာ တစ်ဝက်သာရေးထားသေးသည်။ နောက်တစ်ဝက်ကို ဆက်ဖတ်ရန် စောင့်နေသည်ကို မမေ့စေလိုပါ။ :)

  6. ကောင်းပါသည်။ နောက်ဆုံး မီဒီယာပလေယား အကြောင်း အကြိုက်ဆုံး။ ကျွန်တော်ဆီက ပလေယာ ဖွင့်မရလို့..ဖိုင်အမျိုးအစား ပြောင်းတဲ့ ဆော့ဝဲလ်တောင် အသုံးပြုရသေး။ ကြည့်ချင်တော့လည်း အဲလိုမျိုး လုပ်ရတာပ..

  7. @ layma - ဟုတ် အစ်မ-အစ်မ ဒီကောမန့် ရေးခဲ့ တုန်းက အဲလိုပြောတာ သိပ်မယုံသေးဘူး. အခုယုံသွားပြီ. နောက်ဆုံး ပို့စ်ကို ဖတ်ပြီး. :P
    ____________________________
    @ မောင်မျိုး - ညီ့ စက်က ရင်တွင်းဖြစ် မို့လို့ နေမယ်ကွ… နောက်ဆို ဒီ့ထက်ပိုလေးလာ ဦးမယ်မှတ်..:D
    ____________________________
    @ အဇ္ဈတ္တပြခန်း - ဟုတ်ကဲ့ ကိုမျိုး. အားလုံး အဆင်ပြေပါစေဗျာ. :)
    ____________________________
    @ winkabar - ညီ့မကတော့ ကိုယ့်ကို မြှောက်ပေးနေပြီ.. ကောင်းကောင်းနေတာ မမြင်ချင်တော့ဘူး နဲ့တူတယ်. :P
    ____________________________
    @ သဉ္ဖာ - လွန်စွာမှ ပြည့်စုံပြီး လွန်စွာမှ ရှည်လျားလှသော မှတ်ချက်ကြီးအား ယနေ့ အဖို့ ကျွန်ုပ်ဖတ်ရသည့် အတွက် ထခုန်မိ မတတ်ပင် ၀မ်းမြောက်မိကြောင်း ဦးစွာ ပြောကြားလို၏။ ထို့ အတူ ကျွန်ုပ်အဖို့ မှတ်သားဖွယ်ရာ၊ သတိထားသင့် ဖွယ်ရာများအားလည်း မေတ္တာရှေ့ထား၍ မြွက်ကြား ပေးသည့် အတွက် လွန်စွာမှလည်း ကျေးဇူးတင်ကြောင်း ဆက်လက် ပြောကြားလိုပါသည်။

    “ဘလော့ဂ်ပေါ်တင်ပြီး ရှယ်ယာ လုပ်သည့် အဆင့်အထိ လုပ်ရန် မသင့်တော်သော၊ ကိုယ်နှင့် ရင်းနှီးသူများလောက်သာ မျှဝေသုံးစွဲရန် သင့်တော်သော” ဟူသည့် software အမျိုးအစားများ ကား စီ { © } ဟူသော စာလုံး တစ်လုံး ရိုက်နှိပ်ထားသည့် အတွက် ခြေချုပ်မိသော မြင်းတစ်ကောင် ပမာ ဘယ်မှ မသွားနိုင် မလာနိုင် ဖြစ်ရပါကြောင်း.နှင့် ဆက်ရန် ကျန်သော အပိုင်းကိုလည်း အမြန်ဆုံး တင်ဆက်သွား နိုင်အောင် ကြိုးစားသွားပါမည့် အကြောင်း. ဆက်လက် သတင်းပို့တင်ပြအပ်. :P
    (အပေါ်က လေကို အရှိန်မသတ်နိုင်ပဲ လိုက်ရင်း ဖြစ်သွားတာဗျို့.. .. S..o.r..r…y! :D )
    ____________________________
    @ ka - ဟုတ်ကဲ့ဗျ.. VLC ကတော့ ကျွန်တော့်ဆီမလည်း နောက်ဆုံး လက်နက် အဖြစ်နဲ့ အသုံးပြုနေရတာပဲဗျို့. ဘာနဲ့မှ ဖွင့်မရတော့ ရင်(ဖိုင်တိုပ် လဲမပြောင်းချင်ရင်) သူနဲ့ပဲ.. နှစ်ပါးသွားကလိုက်တယ်.. :D

  8. အဆောင်ပြောင်းပြီး၍ အနည်ထိုင်ပြီးသကာလ နဖူးနှင့်ဒူးတည့်ရာ ဘလော့ဂါအရပ်သို့လည်ပတ်ရာတွင် နောင်တော်ရှိရာ မှော်ဆရာဆီရောက်ခဲ့၏။ ဆော့ဖ်ဝဲရ်များ ရှဲထားသည် နှင့် သစ်လွင်သော အရေးအသားအဆန်းကြောင့် လာရကျိုးနပ်လှပေသည်။ အလိုရှိသော ဆော့ဖ်ဝဲရ်အား လှေခါးနှစ်ထစ်ဆင်း၍ လာယူနိုင်သောနေရာတွင် ဖြစ်သဖြင့် ဒေါင်းလုဒ်ကား မယူတော့. ထိုသို့ ဆော့ဖ်ဝဲရ်များ ကွန်ပျူတာအကြောင်းများဖတ်ရလျင် ကျွန်ုပ်သဘောခွေ့ လွန်းလှသဖြင့် ထိုသို့သော (အလကားရသော) အရာများရှိရာနေရာသို့ တဖန်ပြန်လာဦးမည်ဟု ဆိုခဲ့ချင်သည် မှော်ဆရာ နာမခံ နောင်တော် ကိုေ_ .. အဟွတ်..အဟွတ်… :D

  9. so good for me..
    i also want some more..
    you have alot of good friends..
    thank….ssssssssssssssssss
    :)

  10. ဒီလိုပြောပြရုံနဲ့ဘယ်ရမလဲ…ကိုယ်တိုင်လာ Run ပေးရမယ်။ ဟီး….။ :P

  11. ကွန်ပျူတာလေးနေတာ နဲ့ အတော်ပဲ ။ လုပ်အုန်းမှ

  12. @ NatShinNaung - နဖူးနဲ့ ဒူးတည့်ရာ ကွန်ပြူတာမှ တစ်ဆင့် အင်တာနက်၊ အင်တာနက်မှ တစ်ဆင့် မီးမြေခွေး. ဟဲဟဲ. အစဉ်အတိုင်း လုပ်လေ ညီရ. :) သဘောရှိ ကြိုက်တာ လာယူသုံး နိုင်ပါတယ်ဗျာ. ( ဘလော့ဂ်မှာ ပြောတာနော်. :D )
    ____________________
    @ you know what ! (it’s not mine) - ဟုတ်ကဲ့. လာလည်အားပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ. :)
    ____________________
    @ BLACK DREAM - အိုကေ ညီရေ. လိုအပ်ရင် လာကူညီရမှာပေါ့. :)
    ___________________
    @ လင်း - အခုရော ပေါ့သွားပလား ဗျ. :) အဆင်ပြေပါစေဗျာ.

  13. ကျေးဇူးကိုမှော်ဆရာ လိုအပ်တာလေးတွေ ယူထားလိုက်ပြီဗျာ

  14. @ wunna - အားလုံးအဆင်ပြေ ချောမွေ့ပါစေဗျာ. :)

  15. ကျွန်တော် ကတော့ Avast မှ Avast ပါပဲဗျာ =p

    AVG ထုံနေလို့ ၀င်သွားတဲ့ Virus တွေ တနေ့တခြား တိုးပွားလာတယ်ဗျ။ သတိထားပြီး စောင့်ကြည့်စေချင်တယ်။

    Regards

  16. @ အရင်ကတော့ ကျွန်တော်လည်း Avast သမားပါပဲဗျာ။ အခုထိလည်း ကြိုက်တုန်းပါပဲ။ :)

    AVG အကြောင်း သတိပေးလို့ ကျေးဇူးဗျို့ ကိုဝေဖြိုး.

  17. [...] အကောင်းတကာ့ အကောင်းဆုံး ဆော့ဖ်ဝဲရ် (… ဆောင်းပါး ဤတွင် နိဋ္ဌိတံပါပြီ။ [...]

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>