Best of The Best 12-Freewares For Your PC [2]
တောင်လုပ်၊ မြောက်လုပ်၊ တောင်ရှုပ်၊ မြောက်ရှုပ် နှင့် အချိန် ၁-လ ကျော်ခန့်ကြာခဲ့ပြီးနောက် မျှော်သူများ မေ့လောက်သော အချိန်ရောက်မှ ကျွန်ုပ်၏ အကောင်းဆုံး အလကားရသော ဆော့ဖ်ဝဲရ်များ အပိုင်း (၂) ကို တင်ဆက်နိုင်သည့် အတွက် မေတ္တာတော်များ မပို့လိုက်ကြပါနှင့် ဦးလို့ ကြိုပြီး တောင်းပန်ထားပါရစေလားဗျာ။
ကောင်းပါပြီ။ တစ်ခု ရှိသေးတာကလည်း မရေးဘူး၊ မရေးဘူးနှင့် ရေးမယ့် ရေးတော့လည်း မျက်စိ ညောင်းလောက်အောင်၊ အိပ်ချင်လောက်အောင် ရှည်လျား ထွေပြားလှချည်ရဲ့ ဆိုပြီး တွေးတောကာ ကျိန်ဆဲကြမှာကိုလည်း စိုးရိမ်ရချေသေးသည် တစ်မုံ့။
ဘာပဲ ဖြစ်ဖြစ်…ဆက်လိုက်ပါပြီ….
၇။ The Best Download Manager - DownThemAll (All Platforms)
ကျွန်ုပ်တို့ ကွန်ပြူတာ၊ အင်တာနက် တို့နှင့် ထိတွေ့ဆက်ဆံလာရပြီ ဆိုလျင် မဖြစ်မနေ နောက်ထပ် ပတ်သက်ဆက်ဆံရသည်မှာ ဒေါင်းလုဒ် ဆွဲခြင်း၊ ဒေါင်းလုဒ် ချခြင်း ဟူသော ဝေါဟာရတစ်ခုပင်ဖြစ်သည်။ တစ်နေ့ တစ်နေ့၊ တစ်ပတ် တစ်ပတ်ကို ဟိုက၊ ဒီက၊ ဟိုဆိုဒ်၊ ဒီဆိုဒ်က ၊ ဟိုနေရာ၊ ဒီနေရာတွေကနေ ဒေါင်းလုဒ် လုပ်သော ဖိုင်အမျိုးအစားတွေ၊ ဒေါင်းလုဒ်လုပ်သော အကြိမ်အရေအတွက် တွေကလည်း နည်းမှ မနည်းပါပဲ။ သို့အတွက် Browser တွေမှာ မူရင်းပါသော Download Manager တွေနဲ့ စာလျင် အပြင်က 3rd Party ပဲခေါ်ခေါ် 4th Party ပဲခေါ်ခေါ် အပိုဆောင်း Download Manager အကူ ဆော့ဖ်ဝဲလေး တစ်ခု မိမိ၏ ကွန်ပြူတာထဲတွင် ရှိနေလျင် ပိုမို အချိန်ကုန်သက်သာ၊ လွယ်ကူ လျင်မြန်စွာ ဒေါင်းလုဒ် လုပ်နိုင်လာမှာ သေချာသည်။
ဘယ်ဟာ အကောင်းဆုံးလဲ ? ထူးထူးထွေ လိုက်လံရှာဖွေ စုံစမ်းနေရန်မလိုပါ။ Lh မဂ္ဂဇင်း က ယခုစာဖတ်နေသော လူကြီးမင်း အတွက် ရည်စူးပြီး ထိုမေးခွန်းကို လူ ၃၀၀၀ လောက်ထံမှ မေးမြန်းစုံစမ်း ဆန္ဒမဲ ကောက်ခံထားတာ တစ်ခုရှိသည်။ DownThemAll လို့ ခေါ်တဲ့ ဆော့ဖ်ဝဲရ် တစ်ခုကို တစ်ညီတစ်ညွတ်တည်းပင် အကောင်းဆုံး အဖြစ် သတ်မှတ်ခြင်း ခံရပြီး တန်ဖိုးကလည်း အားလုံး စိတ်ကြိုက်ဖြစ်စရာ Free စစ်စစ် ကြီးဖြစ်၏။ DownThemAll ကို ဖန်တီးသူတွေရဲ့ အလိုအရ DownThemAll ဟာ WebPage တစ်ခုအတွင်းမှာ ပါတဲ့ Link မှန်သမျှနဲ့ ရုပ်သံဖိုင်တွေ၊ ရုပ်ပုံတွေ အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဒေါင်းလုဒ် လုပ်နိုင်တယ်လို့ ဆိုထားချေ၏။ နောက် ပုံမှန် ဒေါင်းလုဒ်လုပ်တာနဲ့ ယှဉ်လျင် DownThemAll Download Manager ကို အသုံးပြုခြင်းဖြင့် ဒေါင်းလုဒ်ချနေသော ဖိုင်တစ်ခုကို အစိတ်အပိုင်းများစွာ စိတ်ပိုင်းပြီး ဒေါင်းလုဒ်ဆွဲချသော နည်းစနစ်အရ Download Speed ကို ၄၀၀% အထိ မြင့်တက်လာစေမည် ဟုလည်း ရဲရဲကြီး အာမခံထားသေးသည်။
နောက် DownThemAll က မိမိရဲ့ Favourite Browser တစ်ခုခုမှာ အလွယ်တစ်ကူ Integrate လုပ်နိုင်အောင် ဘယ် Operating System အတွက်မဆို အသုံးပြုနိုင်သော AddOn တွေကို အဆင်သင့် ဖန်တီးပေးထားတာ ရှိပါ၏။ အကောင်းဆုံးဖြစ်သော FireFox Browser အတွက် DownThemAll Addon ကို ဒီနေရာမှာ အလွယ်တစ်ကူ ရယူ အသုံးပြုနိုင်သလို၊ FireFox နှင့် DownThemAll ကို မည်သို့မည်ပုံ စနစ်တစ်ကျ တပ်ဆင် အသုံးပြုသင့်သည် ဆိုခြင်းအား ဒီနေရာတွင် လေ့လာ ဖတ်ရှု လက်တွေ့ အသုံးချနိုင်ပါ၏။
>>>Read How to Setting Up Firefox Downloads with DownThemAll
၈။ The Best Password Manager - KeyPass (All Platforms)
ကျွန်ုပ်တို့ ကျောင်းသားဘ၀ တုန်းကတော့ တစ်ညတစ်ခါ ကင်းတာဝန်ကျ၍ တာဝန်မှူး လာစစ်လျင် “ရပ် ဘယ်သူလဲ” “Password ပြော! ” မှားလို့. “စကားဝှက် ပြော” ဆိုပြီး ကင်းစောင့် လုပ်ခဲ့ရတာ မှတ်မိချေသေး၏။ ယခုလည်း မထူး ကွန်ပြူတာနှင့် အင်တာနက် ကို မိတ်ဆက် လိုက်ကတည်းက ကွန်ပြူတာ Login အစ၊ အီးမေးလ် အကောင့်ထ်များ၊ Social Networking ဆိုဒ်များ၊ Media ဖျော်ဖြေရေး ၀ဘ်ဆိုဒ်များ စသည့် ၀ဘ်ဆိုဒ်တကာ့ ၀ဘ်ဆိုဒ်အလယ်၊ နောက်ဆုံး ဖိုရမ်တကာ့ ဖိုရမ် အဆုံး “ရပ် ဘယ်သူလဲ” “Password ပြော” တွေချည်း တွေ့နေရသဖြင့် ခေါင်းထဲတွင်မလဲ ယူဇာနိမ်းတွေ၊ ပါ့စ်ဝါ့ဒ်တွေနဲ့ချည်း ပြည့်နက်နေသည်မှာ ကြာတော့ လူချင်းတွေ့လို့ နှုတ်ဆက် လျင်တောင်မှ “ဟိုင်း. နေကောင်းလား ပါ့စ်ဝါ့ဒ်ပြော” ဆိုပြီး လုပ်မိချင်နေ၍ မနည်း ကိုယ့်ကိုယ်ကို သတိပေးနေရသည်။
အခုတော့ ကျွန်ုပ် အဆင်ပြေသွားပြီ။ Lh ကြီးကျေးဇူးနှင့် ကျွန်ုပ်၏ Password မှန်သမျှကို Database တစ်ခုအတွင်းထည့်သွင်းကာ လုံလုံခြုံခြုံနှင့် မှတ်သား သိမ်းဆည်းပေးထားမည့်၊ နောက် ကိုယ်လိုသည့် အချိန်တွင် ဘယ်ဆိုဒ်ကို ဘယ် Password အသုံးပြု ထားသည်ကို အလွယ်တစ်ကူ ပြန်ကြည့်နိုင်မည့် KeyPass ဟုခေါ်သည့် Password Manager လေးတစ်ခု ရှိနေပြီ။ သူကလည်း ပေါ့သေးသေးတော့ မဟုတ်တာ သေချာသည်။ ဈေးနှုန်းက Free နှင့် Opensource Software တစ်ခုဖြစ်ပြီး မည်သည့် OS Platform အမျိုးအစားတွင် မဆို အသုံးပြုနိုင်ကာ လူ ၁၅၀၀ ခန့်က အကောင်းဆုံးဟူသော ဘွဲ့ပေးထားခြင်း ခံရ၏။
>>>Downlaod KeyPass Password Manager
၉။ The Best FTP Client - FileZilla (All Platforms)
အကယ်၍ လူကြီးမင်းသည် Ftp Server, Ftp Download တို့နှင့် ရင်းနှီးကျွမ်းဝင်သူ သို့မဟုတ် မိမိကိုယ်ပိုင် ၀ဘ်ဆာဗာ တစ်ခုနှင့် ၀ဘ်ဘလော့ဂ် ရေးသားနေသူ သို့မဟုတ် WebDevelopment ဆိုင်ရာ လုပ်ငန်းတစ်ခုခုနှင့် ထိတွေ့လုပ်ကိုင်နေရသူ ဖြစ်ငြားအံ့။ ဤခေါင်းစဉ်သည် လူကြီးမင်း အတွက် အထူး ရည်ရွယ်ပြီး ရေးသား လိုက်ရခြင်း ဖြစ်ပေသည်ဟု ကျွန်ုပ် ဆိုရချေမည်။
FTP Client ၆-မျိုးတို့အား Vote လုပ်ခိုင်းခဲ့ရာမှာ မြန်၊ ကောင်း၊ သက်သာ လွယ်ကူခြင်း တို့နှင့် အတူ မဲပေးသူ ၅၂% ထံမှ တစ်ညီ တစ်ညာတည်း ထွက်လာတဲ့ အကောင်းဆုံး အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုသံက FileZilla ဆိုတဲ့ FTP Client တစ်ခုကို အထွဋ်အထိပ်ကို ရောက်အောင် ပို့ပေးခဲ့ပါ၏။ အစဉ်အလာ အတိုင်းပင် Free & OpenSource ဖြစ်ပြီး အသုံးပြု လိုသူများ အောက်တွင် ဒေါင်းလုဒ် လုပ်တော်မူကြကုန်။
>>>Downlaod FileZilla FTP Client
၁၀။ The Best Desktop Search Application - Google Desktop (Windows/Mac/Linux)
ကံမကောင်း အကြောင်းမလှစွာပဲ ကျွန်ုပ်တို့ လူ့လောကကြီးတွင် “လူတစ်ခု၊ ပူမှုရယ် ဆယ်ကုဋေ” ဆိုပြီး လူတစ်ကိုယ် အတွက်ပင် လုပ်စရာ၊ ကိုင်စရာတွေ၊ ပူပင်စရာတွေ၊ သောကတွေ၊ အလုပ်တွေ၊ ရှုပ်ထွေးမှု တွေနဲ့ နေ့စဉ် ခရီးသွား နေကြရ၏။
ကံကောင်း အကြောင်းလှသော အခါမတော့ လူ ၁၀ ယောက်၊ ၁ နေကုန် လုပ်ရမည့် အလုပ်လောက်ကို အချိန်တိုအတွင်း လုပ်ဆောင် ဖြေရှင်းပေးနိုင်သည့် အလွန်အင်မတန် မြန်ဆန် သွက်လက်ပြီး ရှုပ်ထွေး ပွေလီလှသည့် လုပ်ဆောင်ချက်များနှင့် အလွန် မှော်ဆန်လှသည့် ကွန်ပြူတာ ဆိုသော ပစ္စည်းကိရိယာ တစ်ခုကို လူသားတို့ တီထွင်နိုင်ခဲ့ကြသည် ဟူသတတ်။
ကံများ မကောင်းချင်ပြန်သော အခါမတော့ ထိုကွန်ပြူတာ ဆိုသော အရာကြီးနှင့် အလုပ်လုပ်သူများ ကိုယ်၌ပင် လုပ်စရာ ကိုင်စရာများက တစ်ဖြည်းဖြည်း များသထက်များလာကာ နောက်ဆုံး ထိုအရာကြီးထဲတွင် ထည့်သွင်း သိမ်းဆည်းထားသော ဖိုင်များ၊ ဒေတာများ၊ စာအုပ်များ၊ ရုပ်သံဖိုင်များကိုပင် ဘယ်နေရာ ဘာထားမိမှန်း မသိအောင် ရှာရဖွေရ ခက်ခဲခြင်းများ တစ်ခါတစ်ရံမှာ ဖြစ်လာကြကုန်ပြန်၏။
ကံများ ကောင်းချင်ပြန်တော့ ယခုဆောင်းပါးကို လူကြီးမင်းများ ဖတ်မိပြီး သကာလမှာ ထိုပြဿနာများ အားလုံး သိကြားနှင့် တွေ့သော ပုဂ္ဂိုလ်ကဲ့ သို့ပင် အားလုံး ပြေလည်သွားပေပြီဟု ယူဆကြစေကုန်။
အဘယ့်ကြောင့်နည်း။ သို့ကလို ဟိုဖိုင်ပျောက်၊ ဒီဖိုင် ဘယ်နား ထားမိမှန်းမသိ၊ ပြန်လည်ရှာဖွေရန်ခက် စသော ပြဿနာများကို ကွန်ပြူတာ သုံးစွဲသူတို့ မကြာခဏကြုံတွေ့လာကြရပြီးနောက် ထိုပြဿနာကို ဖြေရှင်းရန် အတွက် DSA (Desktop Search Applcation) များအသီးသီး အသက တီထွင်လာခဲ့ကြရာတွင် အကောင်းဆုံး DSA တစ်ခုကို အများသဘောတူ ရွေးချယ်ကြပြီး နောက် The Best အဖြစ် သတ်မှတ်လိုက်ရာတွင် Search Engine Gaint ကြီး Google မှ တီထွင်သော တစ်ခုတည်းသော အပြည့်အ၀ Cross-platform Desktop Search Application ဖြစ်သည့် Google Desktop မှ ၎င်းဆုအား ရရှိသွားကြောင်း သိရှိရချေ၏။
၁၁။ The Best Instant Messenger - Pidgin (Windows/Linux)
အင်တာနက်နှင့် ကွန်ပြူတာတွင် ကျွန်ုပ်တို့ ၉၀% ခန့် မဖြစ်မနေ သုံးကြသည်မှာ Instant Messaging ဟုခေါ်ခေါ်၊ Chatting ဟု ခေါ်ခေါ် ကြိုက်နှစ်သက်သလို ခေါ်ဆိုနိုင်သည့် “အင်တာနက်မှ တစ်ဆင့် တိုက်ရိုက် ဆက်သွယ် ပြောဆိုခြင်း” ဆိုသော ကိစ္စဖြစ်သည်။ ထိုအရာအား အရေးမကြီးဟု သင် ဆိုဝံ့ပါသလော? ( ကျွန်ုပ်တော့ မဆိုဝံ့ချေ။ အရေးမကြီးဟု ကျွန်ုပ်ဆိုသည် ဆိုလျင် လာရောက် လုပ်ကြံကြမှာ ပင် စိုးရိမ်ရသော အနေအထား ရောက်သွားနိုင်၏။
)
သို့ကလို အရေးပါလှသော Instant Messaging ကိစ္စအတွက် Software များ၊ Application များကလည်း များမှများဖြစ်သည်။ Yahoo, Google, Skype, MSN, AOL, ICQ, QQ, VZO .. etc.. စသဖြင့် အများကြီးမှ အများကြီးပဲ ဖြစ်သည်။ အားလုံးကလည်း သူ့နေရာနှင့် သူ အသုံးဝင် ကြသည်ချည်းဖြစ် ကြပေမည်။ ကြားသိရသလောက် အချို့ ဆိုလျင် VZO နှင့် Video Messaging လုပ်ကာ၊ Google Talk ဖြင့် Voice Messaging လုပ်ပြီး၊ Yahoo ကို အသုံးပြု၍ Text Messaging လုပ်ကြသည် ဟူသတတ်။
ထိုသို့ လွန်စွာမှ အရေးပါ အရာရောက်လှသော “ရွှေ” ဆော့ဖ်ဝဲရ်များကို ၁၀-မျိုး ဒေါင်းလုဒ်ချ ၊ ၁၀-မျိုးလုံး မိမိကွန်ပြူတာထဲသို့ Install လုပ်ထားပြီးမှ အသုံးပြုသည်နှင့် စာလျင် ဆော့ဖ်ဝဲရ် တစ်မျိုးတည်းကိုသာ Install လုပ်၍ ထို ၁၀-မျိုးသော IM များအားလုံးတို့အား All in One အသုံးပြုနိုင်သော် မကောင်းအံ့လော။
ထူးထူးထွေထွေ တွေးမနေပါနှင့်တော့ မိတ်ဆွေကြီး။ ထို အကြံအစည် ကောင်း၍ပင် လုပ်သူက လုပ်ပြီး၍ သင့်ရှေ့မှောက် ယခုရောက်နေချေပေပြီ။
ထိုသို့သော All in One Software ပေါင်းများစွာတို့ အနက်မှ လူ ၄၀၀၀၀ - ကျော်က Vote လုပ်ကာ ရွေးချယ်ထးသော အကောင်းဆုံး ဆော့ဖ်ဝဲရ်ကား Pidgin အမည်ရသတည်း။ အောက်တွင် အခမဲ့ ရယူ ဒေါင်းလုဒ်လုပ် အလျင်အမြန် သုံးစွဲတော်မူ။
>>>Download Pidgin All in One Instant Messenger
၁၂။ The Best DVD Ripping Tool - DVD Shrink (Windows)
တစ်ခါတစ်ရံမှာ လူကြီးမင်းတို့ ရုပ်ရှင်တွေ၊ သီချင်း ဗီဒီယိုဖိုင်တွေကို DVD အခွေတွေနဲ့ ၀ယ်လာပြီး၊ သူတို့ကို မိမိစက်ထဲမှာ Backup အနေနဲ့ သိမ်းဆည်းထားချင်တာပဲ ဖြစ်ဖြစ်၊ အခြား DVD Player မဟုတ်တဲ့ Player တစ်ခုခုနဲ့ ဖွင့်ကြည့်လို့ ရအောင် လုပ်ချင်သည်ပဲ ဖြစ်ဖြစ် ၎င်း အခြေအနေမျိုး ရှိလာခဲ့လျင် Decrypting, Ripping ဆိုသည့် အလုပ်များ လုပ်ဆောင်ရန် အတွက် DVD Ripping Tool တစ်ခု မဖြစ်မနေ လိုလာပေတော့မည်။
ဝေးဝေးလံလံ စဉ်းစားရှာဖွေနေရန်မလို။ DVD Shrink ဆိုသော Tool တစ်ခုကား Freeware & Opensource ဖြစ်သော်လည်း 8GB dual-layer DVDs များအား 4GB အထိ ချုံ့ပေးနိုင်ခြင်း၊ Decrypting, Ripping စသော လုပ်ဆောင်ချက်များအား အလွယ်တစ်ကူ လုပ်ဆောင်နိုင်ခြင်း စသည့် Powerful ဖြစ်လှသည့် အချက်များနှင့် အတူ လူ ၁၆၀၀၀ - ကျော်၏ မေးမြန်းစူးစမ်းမှု ရလာဒ် မှ နေ၍ အကောင်းဆုံး DVD Ripping Tool အဖြစ် သတ်မှတ်ခံခဲ့ရ ချေပြီတကား။
အောာက်တွင် အလွယ်တစ်ကူ ဒေါင်းလုဒ်လုပ် အခမဲ့ ရယူ သုံးစွဲနိုင်ကြပါ၏။
ကျွန်တော့်ရဲ့ အကောင်းတကာ့ အကောင်းဆုံး ဆော့ဖ်ဝဲရ် (၁၂) မျိုး ဆောင်းပါး ဤတွင် နိဋ္ဌိတံပါပြီ။ လာရောက် လည်ပတ် ဖတ်ရှု၊ ဝေဖန်၊ အားပေး၊ မှတ်ချက်များ ချီးမြှင့်ကြသူများ အားလုံး ကို ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျား။
မှီငြမ်းကိုးကား























Sep 6th, 2008 at 4:58 pm
Wooo Just visited…. there are managers
(softwear)
But no clue how to use
Feel bored hitting the books and have a look here, yeah !!! got headache after reading manager poasted as still do not know how to use eventhough explanations are clear
So stick back then…
Well done !!!!
PS. have to enter comment three times as there was error
Sep 6th, 2008 at 5:26 pm
လုပ်တော့လုပ်ချင်တယ် မတက်ပဲကလိမိလို့  ကျနော့်စက်မှာ အများကြီးပဲ ဟီးး ဖျက်လို့ လည်းမတက် save ထားပြီး သုံးလို့ လည်းမတက်နဲ့  ပြဿနာတပ်လွန်းလို့  နည်းပညာပိုင်းဆို ပိုင်မှာ ဆော်ထည့်လိုက်တာ
“ကံမကောင်း အကြောင်းမလှစွာပဲ ကျွန်ုပ်တို့ လူ့လောကကြီးတွင် “လူတစ်ခု၊ ပူမှုရယ် ဆယ်ကုဋေ” ဆိုပြီး လူတစ်ကိုယ် အတွက်ပင် လုပ်စရာ၊ ကိုင်စရာတွေ၊ ပူပင်စရာတွေ၊ သောကတွေ၊ အလုပ်တွေ၊ ရှုပ်ထွေးမှု တွေနဲ့ နေ့စဉ် ခရီးသွား နေကြရ၏။”
နည်းပညာအကြောင်းနားမလည်ပေမယ့် အပေါ်မှာတင်ထားတဲ့ စာပိုဒ်လေးကြိုက်တယ် ကျေးဇူးဗျ
Sep 6th, 2008 at 11:46 pm
တစ်ချို့ကြတော့လဲ ကြားဖူးတယ်၊တစ်ချို့ကြတော့လဲ အခုမှသိရတယ်၊ အကျိုးများလှပါတယ် အကို
Sep 6th, 2008 at 11:47 pm
အပိုင်းအဆက်ကို လာဖတ်သွားတယ်နော်။ ထုံးစံအတိုင်းပေါ့ အူတက်အောင်ရယ်သွားရတယ်။ ဒီပို့စ်လေးအတွက်ကျေးဇူးနော် အစ်ကို။ ( Software အတွက်ကော ဟာသအတွက်ကောပေါ့။
)
Sep 7th, 2008 at 12:33 pm
အပေါ်ဆုံးက ဖရီး စစ်စစ်ကြီးကို အရင်စမ်းကြည့်မယ်.. နောက်မှ ကျန်တာတွေ လာယူမယ်..။ ဒီဘလော့ဂ် မပိတ်သေးဘူးမို့ လား..။
Sep 8th, 2008 at 1:11 pm
ကိုကြီးရေ… ဒီဆော့ဝဲတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ…..
Sep 8th, 2008 at 6:16 pm
Free ဆို အကုန်ကြိုက်တယ် ဟီး ဟီး ftp ကတော့ တစ်ခါမှမသုံးဘူးသေးဘူး.. ကျန်တာတွေတော့ စမ်းကြည်လိုက်ဦးမယ်
Sep 13th, 2008 at 8:33 am
အဟဲ.. ကျေးဇူးဗျို့.. စမ်းဦးမယ်
Sep 19th, 2008 at 5:54 pm
ကျေးဇူးကိုမှော်ဆရာ စမ်းကြည့်ပါအုံးမယ်
Sep 19th, 2008 at 6:11 pm
စမ်းကြည့်လိုက်အုံးမယ်ဗျာ…..Thank u!
Sep 21st, 2008 at 5:16 pm
ရှိသမျှသာ ဒေါင်းပြီး ဆွဲလိုက်ရင် ရှိစုမဲ့စု ကွန်ပူတာလေးတော့ ကြွသွားတော့မှာပဲ။
Sep 22nd, 2008 at 12:09 pm
အစ်ကို အသစ်မရေးဘူးလား နေကောင်းတယ်ဟုတ် ။
Sep 22nd, 2008 at 10:34 pm
ဒေါင်းလုပ်ဆွဲသွားတယ် အစ်ကိုရေ။ Software တွေအတွက်ကျေးဇူး
p.s- အသစ်တင်တော့လေ အစ်ကိုရာ။ မအားဘူးလား? လူချင်းဝေးတော့ မတွေ့ဖြစ်ဖူး ဖြစ်နေလို့ ဒီမှာပြောတာ
Sep 29th, 2008 at 6:08 pm
တစ်ခုဆီတစ်ခုစီဖတ်ပြီး တစ်ချက်စီတစ်ချက်စီကလိတွားတယ်။
Oct 4th, 2008 at 7:36 am
မှော်ဆရာရေ… မှော်အတတ်တွေ လာကြည့်သွားတယ်
ကဗျာကောင်းလဲ လုပ်ပါအုံး….
Oct 6th, 2008 at 3:58 pm
အကိုရေ .. ပညာတွေက ကုန်ကိုမကုန်နိုင်ဘူးဗျာ … လာလော့လာသွားတယ်အကိုရေ
Oct 7th, 2008 at 8:08 am
မရောက်တာကြာလို့ လာလည်တယ် ကျောင်းစာအုပ်ရေ…
software တွေ ကလိကြည့်လိုက်အုံးမယ်။
ကဗျာတွေလည်း အကုန်ဖတ်သွားတယ်။
အားလုံးအဆင်ပြေ ပျော်ရွှင်ပါစေ…။
Oct 16th, 2008 at 8:00 pm
@ KTKMELODY - လာဖတ်သွားလို့ ကျေးဇူးအစ်မ.. ဆော့ဖ်ဝဲရ် တွေကတော့ သူ့သက်ဆိုင်ရာ ဆိုဒ်တွေမှာ အသုံးပြုနည်း တွေကိုရှင်းပြထားတာတွေ ရှိပါတယ်။






အခုမှပဲ အသစ်ပြန်ရေးဖြစ်တော့တယ်လေ. 




_______________________
@ မောင်မျိုး - အခုက ဒါဆို သိပ်မပိုင်သေးတဲ့ သဘောမှာရှိပုံရတယ် ညီမောင်မျိုးက.
_______________________
@ တင့်ထူးရွှေ - ကျေးဇူးညီ လာဖတ်သွားလို့.
_______________________
@ ဝင်္ကပါ - ဒီတစ်ပုဒ်တော့ ဇာတ်သိမ်းပါပြီ။ ဆက်ရန်မရှိတော့ဘူး.
_______________________
@ လေးမ - ဧကန္တတော့ ဒီဘလော့ဂ်ကို ပိတ်စေချင်နေပုံရတယ် အစ်မက.
_______________________
@ သားဖြိုး - ကျေးဇူးပါညီ လာဖတ်သွားလို့.
_______________________
@ ထူးတေဇာ - ဟဲဟဲ. ညီနဲ့ ကိုယ် အကြိုက်ချင်းတူနေပြီ.
______________________
@ လင်းဦး- စိတ်ကြိုက်သာ စမ်းပေရော့ ကိုလင်းဦးရေ..
______________________
@ လျပ်စစ် - ကျေးဇူးပါ ကိုလျပ်စစ်ရေ. တကူးတက လာအားပေးလို့
______________________
@heartmuseum - လာလည် ဖတ်ရှုသွားလို့ ကျေးဇူးပါ ဗျာ.
_____________________
@ NatShinNaung - HardDisk အသစ်လေး ဘာလေး ဝယ်ထားပေါ့ ကိုယ့်ညီရ. ဟုတ်တယ်ဟုတ်လား.
_____________________
@ မောင်မျိုး - နေကောင်းပါတယ် ညီရေ. သတိတရရှိလို့ ကျေးဇူး
_____________________
@ BLACKDREAM - ဟုတ်တယ် ကိုယ့်ညီရာ. အသစ်မရေးဖြစ်တာတောင် အတော်ကြာနေပါပြီ.
_____________________
@ mm thinker - အဆင်ပြေလားဗျို့ ကိုသင်ကာကြီး
_____________________
@ apprenticeship - ကဗျာရေးဖို့ အားမွေးနေတယ်ဗျို့.
______________________
@ ဖြိုးငယ် - လာလေ့လာလို့ ကျေးဇူးပါ ညီလေး.
______________________
@ tutu - သတိတရ လာလည်လို့ ကျေးဇူးပါ တူးတူးရေ. အားလုံး အဆင်ပြေပျော်ရွှင်ပါစေဗျာ.
Nov 13th, 2008 at 3:56 pm
ဆရာကြီးရွှေဥဒေါင်းပဲ တမလွန်ကနေ Online ရောက်လာသလား၊ ဆရာကြီးဂျက်ပဲ ကွမ်းခြံကုန်းကနေ လက်တော့လေးနဲ့ အင်တာနက်ပေါ် ရောက်လာသလားလို့တောင်ထင်လိုက်မိတယ် ကိုမှော်ဆရာရေ။ အခုမှ ဒီပို့စ်တွေဖတ်မိပါတယ်။ သိပ်အကျိုးရှိလို့ ကျေးဇူးကုဋေပါပဲ။ DownthemAll လေးဒေါင်းလုပ်ဆွဲသွားပါတယ်။ နောက်ထပ်အပိုင်း(၃) ရေးဖို့များရှိသေးလားမသိဘူး။ ကျေးဇူးအထူးပါပဲ ဆရာကြီး ဂျက်ဥဒေါင်း (သို့မဟုတ်) ကိုမှော်ဆရာရေ။ (နောက်တာနော်)
Nov 16th, 2008 at 5:09 am
@ MgANT - ဟဲဟဲ . ကိုအန့် တို့ကတော့ လုပ်ပြီ။ နဂိုကတည်းကမှ လူက ခပ်မြှောက်မြှောက်နဲ့ တော့ အဲဒီမှာ သွားတွေ့တာပဲ။
အကျိုးများတယ် ဆိုတာကို အသိပေး၊ Comment ချီးမြှင့်ပေးတဲ့ အတွက် ကျွန်တော်ကလည်း ကျေးဇူး ကုဋေကုဋာပါ ကိုအန့် ရေ။ အပိုင်း(၃) ကို ဆက်နိုင်ဖို့ ကျွန်တော် အားထုတ်ပါဦးမယ် ခင်ဗျား။